Featured
- Get link
- X
- Other Apps
သူ့နာမည်ကခေါ်ရခက်တဲ့ Jannetje Johanna Schaft ဆိုတဲ့ဒတ်ချ်နာမည်ကြီးဖြစ်ပေမယ့်
နာဇီတွေကတော့သူ့ကိုဆံနီမလေးလို့ပဲသိကြတယ်။ ဂတ်စတာပိုရဲ့အလိုအရှိဆုံးရန်သူစာရင်းမှာ နံပါတ် ၁ ပဲ။ ဒုတိကမ္ဘာစစ်မှာ နယ်သာလန်ကို သိမ်းထားတဲ့နာဇီထိပ်ပိုင်းခေါင်းဆောင်တွေလုပ်ကြံခံရမှာကို ကျီးလန့်စာစားဖြစ်ခဲ့ရတယ်။ သူတို့ကြောက်တာကတော့ ဆံနီမလေးလို့သူတို့သိတဲ့ အသက် ၂၄ နှစ်လောက်မိန်းကလေးပဲ။ နာဇီကိုသပိတ်မှောက်ခဲ့တဲ့တက္ကသိုလ်ကျောင်းသား ၈၀ ရာခိုင်နှုန်းထဲမှာပါခဲ့တဲ့ ဆံနီမလေးက ကျောင်းကထွက်ပြီး တော်လှန်ရေးအဖွဲ့ထဲဝင်ခဲ့တယ်။ သူ့နာမည်ကို Hannie လို့ပြောင်းလိုက်တယ်။ တခြားမိန်းကလေးတွေလိုထောက်ပို့တာဝန်မယူဘဲ သူယူခဲ့တာဝန်ကလုပ်ကြံရေးတာဝန်တွေပါ။ ဒီလိုတာဝန်မျိုးကိုယူပေမယ့် Hannie ဟာ မိန်းမကြမ်းမဟုတ်ဘူး။ သေနတ်ကိုင်ရမှာကြောက်တဲ့သူ သူပစ်တဲ့ကျည်ဆန်လူကိုမှန်သွားလို့ ထိတ်လန့်ပြီး မေ့လဲခဲ့တဲ့သူ။ ဒီလိုမိန်းကလေးမျိုးက နာဇီတွေ အကြောက်ရဆုံးလုပ်ကြံရေးသမားတစ်ယောက် ဖြစ်လာတာကိုကြည့်ရင် ဒတ်ချ်လူငယ်တွေရဲ့ တော်လှန်ချင်စိတ်ကိုသိနိုင်တယ်။ ဆံနီမလေးဟာ လုပ်ကြံရေးနဲ့UG မစ်ရှင်တွေအများကြီးလုပ်ခဲ့ပေမယ့် လူ့ကျင့်ဝတ်နဲ့ဆန့်ကျင်တာကိုမလုပ်ဘူး။ နာဇီတစ်ယောက်ရဲ့ကလေးကို ပြန်ပေးဆွဲဖို့တာဝန်ကို သူငြင်းခဲ့တယ်။ ဒီမစ်ရှင်မှာတစ်ခုခုမှားသွင်းရင် ကလေးကိုရှင်းပစ်ပြီးပြေးရမှာ။ ဒီလိုအလုပ်မျိုးကို လုပ်ရင် ငါတို့လည်းနာဇီတွေနဲ့မထူးဘူးတဲ့။ သူရဲ့တွဲဖက်တစ်ယောက်ကိုဖမ်းမိသွားပြီးနောက်မှာဆံနီမလေးဆိုတာ Hannie Schaft ဆိုတဲ့မိန်းကလေးမှန်း နာဇီတွေသိသွားကြတယ်။ Hannie ကဆံပင်ကိုအနက်ရောင်ဆိုးပြီး ရုပ်ဖျက်ထွက်ပြေးသွားတဲ့အခါ နာဇီတွေကသူ့မိဘတွေကိုမရမကလိုက်ရှာဖမ်းပြီး ဂျူးအကျဥ်းစခန်းတစ်ခုဆီပို့လိုက်ကြတယ်။ Hannie က ရုပ်ဖျက်ပြီး လျှို့ဝှက်ဆက်သားလုပ်နေရင်းနဲ့အဖမ်းခံလိုက်ရတယ်။ ဆံနီမလေးကိုမိပြီဆိုတော့ နာဇီတွေကအားရပါးရနှိပ်စက်စစ်မေးတော့တာပေါ့။ လနဲ့ချီနှိပ်စက်ပြီးမှသေမိန့်ပေးလိုက်တယ်။ သူ့ကိုသတ်တဲ့အချိန်က ကမ္ဘာစစ်ပြီးလုလုဖြစ်နေပြီ၊ အကျဥ်းသားတွေကိုသုတ်သင်ခွင့်မရှိတော့ဘူး။ နာဇီတွေကတော့ဘယ်အရေးစိုက်ပါ့မလဲ ရတုန်းသတ်သွားကြမှာပေါ့။ သူ့ကိုပစ်တဲ့စစ်သားနှစ်ယောက်မှာတစ်ယောက်ကသူ့ကိုမမှန်ဘဲကျည်လွဲသွားတယ်။ နောက်တစ်ချက်ကပေါင်ကိုပဲထိသွားတယ်။ Hannie က ရယ်တယ်။ ငါတောင်နင့်ထက်လက်တည့်ဦးမယ် တဲ့။ သူ့ကိုသေမိန့်ပေးတဲ့ဂတ်စတာပိုကောင်ကိုစေ့စေ့ကြည့်ရင်း နောက်တစ်ချက်ပစ်တာကိုစောင့်သွားလေရဲ့။ အခုတော့ နယ်သာလန်မှာ သူ့ရုပ်ပုံနဲ့တံဆိပ်ခေါင်းတွေ၊ သူ့နာမည်နဲ့ဂုဏ်ပြုထားတဲ့လမ်းတွေ အများကြီးရှိနေပြီ။ Lepa Radić ဆိုတဲ့ယူဂိုဆလားဗီးယားကျောင်းသူ လေးကတော့ ၁၇ နှစ်ပဲရှိသေးတယ်။ ဒုတိယကမ္ဘာစစ်မှာ သူ့နိုင်ငံကိုနာဇီတွေဝင်သိမ်းလိုက်ပြီးနောက် တော်လှန်ရေးထဲပါလာတဲ့ဒီမိန်းကလေးကို နာဇီအထူးတပ်မကလက်ရမိသွားတယ်။ ပြစ်မှုကအမှတ် ၇ ဂျာမန်အထူး တပ်မကိုဝင်ပစ်တဲ့အမှုမှာပါခဲ့လို့။ နာဇီတွေက သူ့ကိုစစ်ကြောရေးပို့ပြီး ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ၊ သူတို့တပ်တွေ ဘယ်မှာလဲလို့စစ်မေးတယ်။ ရက်နဲ့ချီနှိပ်စက်ပေမယ့်တစ်ခွန်းမှမဟလို့ သေမိန့်ချလိုက်တယ်။ Lepa ရဲ့လည်ကွင်းကိုကြိုးကွင်းစွပ်ရင်းနဲ့ စိတ်ပြောင်းမလားနင့်ခေါင်းဆောင်တွေ ရဲဘော်တွေကဘယ်သူတွေလဲ သူတို့ဘယ်မှာပုန်းခိုနေကြလဲပြောတော့မလားလို့မေးသေးတယ်။ ၁၇ နှစ်သမီးမို့ကြောက်မယ်ထင်ပုံရတယ်။ Lepa ကရဲရဲရင့်ရင့်ပဲဖြေတယ်။ မေးနေဖို့မလိဘူး။ ရှင်တို့လိုလူ့မိစ္ဆာတွေကိုတစ်ယောက်မှမကျန်အောင်ရှင်းပစ်ပြီးရင် ရှင်တို့သိချင်တဲ့ခေါင်းဆောင်တွေ ရဲဘော်တွေ မျက်နှာပြကြလိမ့်မယ် တဲ့။ သူ့ကိုပစ်ဖို့တန်းစီနေတဲ့ တပ်မ ၇၇ကဂျာမန်စစ်သားတွေကို စူးစူးရဲရဲကြည့်သွားတယ်။ အဲဒီ Prinz Eugen ခြေလျင်တပ်မက ဒုတိယကမ္ဘာစစ်မှာ စစ်ရာဇဝတ်မှုအများဆုံးကျူးလွန်ခဲ့တဲ့တပ်မတစ်ခုပေါ့။ ဆားဗီးယားတစ်ခွင်မှာမြင်သမျှယောက်ျား၊ မိန်းမ၊ ကလေးပါမကျန်ပစ်သတ်ပြီး အိမ်မှန်သမျှမီးရှို့ပစ်တဲ့ တပ်ပါ။ ကမ္ဘာစစ်အပြီးမှာတော့ တစ်ပြုံလုံး နျူရမ်းဘတ်စစ်ခုံရုံးအပို့ခံလိုက်ရတယ်။Lepa ရဲ့ နောက်ဆုံးအကြည့်ဓာတ်ပုံက ကမ္ဘာစစ်သမိုင်းဝါသနာရှင်တွေကြားမှာ သိပ်ကျော်ကြား
ပါတယ်။ ဒီလိုတည်ငြိမ်ရဲရင့်တဲ့အကြည့်မျိုးမမြင်ဖူးဘူးလို့ပြောကြတယ်။
(ကျွန်မ ကတော့မြင်ဖူးပါရဲ့ )
Elvis
- Get link
- X
- Other Apps
Comments
Post a Comment